စာအုပ်စာပေလု့မိတ်ဆွေ

Thursday, August 21, 2014

မက်ကလောင်ခြစ်ခြင်း

ရှေးယခင် နှစ်ပေါင်းများစွာကတည်းက တရုတ်လူမျိုးတွေဟာ ဖျားနာကိုက်ခဲတဲ့အခါ မက်ကလောင်ခြစ်နည်းကို အသုံးပြုခဲ့ကြတယ်။ မက်ကလောင်နည်းဟာ တရုတ်ရိုးရာတိုင်းရင်းဆေးပညာကနေ ဆင်းသက်လာခဲ့တယ်။ တရုတ်အပ်စိုက်ကုထုံးရဲ့ အစွယ်အပွားနည်းတခုလည်း ဖြစ်တယ်။ မက်ကလောင်ခြစ်နည်းကို တရုတ်(mandarin)စကားအရ "Gua Sha" လို့ ခေါ်ပါတယ်။"Gua"ဆိုတာ "ခြစ်ထုတ်သည်"လို့ အဓိပ္ပါယ်ရပြီး "Sha"ဆိုတာ "အနီကွက်ထခြင်း" ဖြစ်ပါတယ်။မက်ကလောင်ခြစ်တဲ့အခါ သွေးခြေဥပြီး အနီကွက်ထလာသည်အထိ အရေပြားကို ကုပ်ခြစ်ပေးရပါတယ်။ တရုတ်သီအိုရီအရ မကောင်းတဲ့ သွေးပုပ်တွေ စုအောင်းနေတာကို သန့်ရှင်းအောင် ခြစ်ထုတ်ပေးရတဲ့ သဘောမျိုး ဖြစ်တယ်။ တရုတ်ဆေးပညာအရ အဖျားရောဂါ၊တုပ်ကွေး၊အအေးမိ၊ချောင်းဆိုး၊ပန်းနာ၊ရင်ကျပ်၊ခေါင်းကိုက် စတဲ့ဝေဒနာတွေကို သက်သာပျောက်ကင်းစေတယ်။ အရိုးနဲ့ကြွက်သား နာကျင်ကိုက်ခဲမှုကိုလည်း ပြေပျောက်စေတယ်။ ဒါ့ပြင် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်မှုတွေကိုလည်း အားပေးတယ်လို့ ယူဆခဲ့ကြတယ်။


မက်ကလောင်ခြစ်နည်းကို တရုတ်အပါအဝင် ထိုင်ဝမ်၊အင်ဒိုနီးရှား၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊လာအို၊ထိုင်းစတဲ့ အာရှတိုက်နိုင်ငံတွေမှာ အိမ်သုံးနည်းအဖြစ်သုံးစွဲကြပါတယ်။ ဗီယက်နမ်အယူအဆမှာ ဖျားနာခြင်းဟာ "လေမိလို့" ဖြစ်ရတယ်။ ဒီလေတွေကို ခြစ်ထုတ်ပစ်ဖို့ လိုအပ်တယ်လို့ ယူဆကြတယ်။ သူတို့ဆီမှာ မက်ကလောင်ခြစ်တာကို cạo gió (လေတွေခြစ်ထုတ်ခြင်း)လို့ ခေါ်ပါတယ်။ ဗီယက်နမ်လူမျိုး အများစုဟာ ဖျားနာ၊ကိုက်ခဲ တခုခုဖြစ်တာနဲ့ မက်ကလောင်ခြစ်တတ်ကြတယ်။ အင်ဒိုနီးရှားမှာလည်း မက်ကလောင်ကို ရိုးရာကုထုံးအဖြစ်သုံးပါတယ်။ သူတို့ဆီမှာ ဒီလို ခြစ်တဲ့နည်းစနစ်ကို "kerikan"လို့ ခေါ်ပါတယ်။ လာအိုမှာ "Khoud Lam"လို့ ခေါ်ပါတယ်။ အိန္ဒိယလူမျိုးတွေလည်း မက်ကလောင်နဲ့ မကင်းကြပြန်ဘူး။ တိုင်းရင်းနည်းအဖြစ် သုံးပါသေးတယ်။ မြန်မာနိုင်ငံမှာ ရှမ်း၊ကချင်စတဲ့ တိုင်းရင်းသားလူမျိုးတွေ အသုံးပြုကြတယ်။အထူးသဖြင့် တောင်ပေါ်ဒေသနဲ့ ကျေးလက်ဒေသတွေမှာ အဓိကသုံးစွဲကြတယ်။

မက်ကလောင်ခြစ်နည်း အမျိုးမျိုး ရှိမယ်။ အများစုဟာ လည်ပင်း၊ကုတ်၊ကျောပြင်၊ပခုံး၊တင်ပါး၊ခြေ၊လက် စတဲ့နေရာတွေမှာ ပြုလုပ်ကြတယ်။ ကျွမ်းကျင်သူတွေက ရင်ဘတ်၊ဝမ်းဗိုက်စတဲ့နေရာတွေမှာလည်း လုပ်ပါတယ်။ ခန္ဓာကိုယ်တွင်း အင်္ဂါတွေရဲ့ သက်ဆိုင်ရာနေရာ အမှတ်တွေကိုလည်း ခြစ်ပေးလို့ရတယ်။ မက်ကလောင်ခြစ်ဖို့ ပစ္စည်းအမျိုးမျိုး အသုံးပြုနိုင်တယ်။ အရေးကြီးဆုံးအချက်က ပစ္စည်းမျက်နှာပြင် ညီညာဖို့ပဲ လိုအပ်တာပါ။ အရင်ခေတ်တွေက အကြွေစေ့၊ဒင်္ဂါးပြားစတာတွေ သုံးပြီးအရေပြားကို ဖိခြစ်ကြတယ်။ တရုတ်လူမျိုးတွေက ကြွေဇွန်းနဲ့ ခြစ်ပေးကြတယ်။ အကြွေစေ့၊တိရိစ္ဆာန်ချို၊ကျောက်စိမ်းပြား စတာတွေကိုလည်း အသုံးပြုကြပါတယ်။ မြန်မာ့နည်းကျတော့ သံဗူးခွံကို အဝချွတ်ပြီး သုံးစွဲကြတယ်။ အိန္ဒိယမှာ ကြေးဇွန်းနဲ့ ရေကို အသုံးပြုပါတယ်။

မက်ကလောင်မခြစ်ခင် အရေပြားကို အရင်ဆုံး lubricant ချောဆီတမျိုးမျိုး လိမ်းပေးရတယ်။ အုန်းဆီ၊နှမ်းဆီ၊ပရုတ်ဆီ ဘယ်ချောဆီမဆို သုံးလို့ရတယ်။ရေကိုသုံးပြီး ခြစ်ထုတ်သူတွေလည်း ရှိပါတယ်။ ချောဆီသုတ်ထားတဲ့ အရေပြားပေါ်ကို အနားညီညာတဲ့ အစွန်းဖက်မျက်နှာပြင်နဲ့၄၅ဒီဂရီစောင်းပြီး ဖိဆွဲပေးရတယ်။ အထက်ကနေ အောက်ဖက်(အရင်းမှ အဖျား)ကို ဒေါင်လိုက်ဆွဲချပြီး ခြစ်ပေးရတယ်။ ဖိအားကို ကြွက်သားတွေထိ သက်ရောက်စေရတယ်။ အခြစ်တခုစီရဲ့ အရှည်ဟာ ၄-၆လက်မ လောက် ရှိသင့်ပါတယ်။ အရေပြားဖောင်းလာ၊ရောင်လာတဲ့အထိ ခြစ်ပေးရတယ်။

နေမကောင်းတဲ့အခါမျိုးမှာ တပတ်ကို သုံးကြိမ်ထိ မက်ကလောင်ခြစ်ပေးနိုင်တယ်။ နာတာရှည်ရောဂါမျိုးမှာ တပတ်တကြိမ် ခြစ်ပေးသင့်တယ်လို့ ဆိုထားတယ်။ သို့သော် သတိပြုရမှာက အသားပို၊မှဲ့၊ဝက်ခြံ၊ကြွက်နို့ရှိတဲ့နေရာတွေမှာ မက်ကလောင်မခြစ်ရဘူး။ အရိုးအတက်ထွက်တဲ့နေရာတွေမှာ ရှောင်ရှားသင့်တယ်။ ပြတ်ရှဒဏ်ရာ၊မီးလောင်ဒဏ်ရာ၊အနာစိမ်း၊ပြည်တည်နာ၊ထိခိုက်ရှနာမျိုးမှာ ရှောင်ရှားသင့်တယ်။ ဒါ့ပြင်ကိုယ်ဝန်ဆောင်ကာလတွေမှာ မက်ကလောင် ခြစ်မပေးရဘူး။

မက်ကလောင်ခြစ်တာနဲ့ ပုံစံတူ တခြား နည်းတွေလည်း ရှိသေးတယ်။ Ba Sha ဆိုတဲ့နည်းက သွေးခြေဥ(Sha)သည်ထိ အရေပြားကို ဆွဲထုတ်တာ(Ba)မျိုးကို ခေါ်ပါတယ်။မြင်လွယ်အောင် ပြောရရင် နဖူးကြောကို လက်နဲ့ဆွဲထုတ်တာမျိုးကို Ba Shaလို့ ခေါ်ပါတယ်။ ပစ္စည်းမလိုပဲ လက်ချောင်းနှစ်ခုနဲ့ အရေပြားကို အလွယ်တကူ ဆွဲထုတ်ပေးရတယ်။ လက်ညှိုး၊လက်ခလယ် ခေါက်ပြီး နဖူးအလယ် အရွတ်ကြောကို သွေးခြေဥသည်ထိ ဆွဲကုပ်ပေးရတယ်။ အဖျားကို ထုတ်တဲ့သဘောပါပဲ။ ခွက်ကို အပူပေးပြီးလုပ်တဲ့နည်းလည်း ရှိသေးတယ်။ ဒါမျိုးကို fire cupping (သို့) Ba Guan လို့လည်း ခေါ်ပါတယ်။ အပ်စိုက်တဲ့အမှတ်တွေမှာလည်း ပြုလုပ်ပေးနိုင်တယ်။ ပြည်ထွက်တဲ့အနာတွေကို စုပ်ယူဖို့လည်း သုံးတယ်။ ဗီယမ်နမ်လူမျိုးတွေရဲ့ နည်းတခုက ကြက်ဥပြုတ်ထဲကို ဒင်္ဂါးပြားထိုးထည့်၊အဝတ်စပတ်ပြီး ခန္ဓာကိုယ်အထက်ပိုင်းက စပြီး တကိုယ်လုံးအနှံ့ ပွတ်လိမ်းပေးရတယ်။ ပွတ်လိမ်းပြီး ဒင်္ဂါးပြားကို ပြန်ထုတ်ကြည့်ရင် အရောင်မဲနေတာ တွေ့ရတယ်။ ဒင်္ဂါးက အဆိပ်အတောက်တွေ ဖယ်ရှားပစ်တယ်လို့ ယုံကြည်ကြတယ်။

မက်ကလောင်ခြစ်တဲ့အခါ ဆံခြည်မျှင်သွေးကြောထဲက သွေးတွေဟာ အပြင်ထွက်လာပြီး သွေးခြေဥသလို ဖြစ်လာပါတယ်။ Mast cells ထဲမှာရှိတဲ့ ဟစ်တမင်း(histamines)လည်း ထွက်လာတယ်။ နည်းနည်းကြာလာတဲ့အခါ နီတဲ့နေရာက ညိုလာပြီး ပြာပုပ်လာတယ်။ တချို့က အရေပြားအရောင်ကိုကြည့်ပြီး ရောဂါအနုအရင့် ခန့်မှန်းကြတယ်။ ရောဂါပိုဆိုးသလို အနီကွက် ပျောက်ကင်းချိန် ပိုကြာတယ်လို့ ယူဆကြတယ်။ ယေဘုယျအားဖြင့် ၃ရက်လောက်နေမှ တဖြည်းဖြည်း သက်သာလာပါတယ်။

မက်ကလောင်ခြစ်ပြီးသွေးကြောတွေရဲ့ ပြောင်းလဲမှုကို သိရှိနိုင်ဖို့ Laser Doppler ပုံရိပ်ဖော်နည်းနဲ့ လေ့လာကြည့်ပါတယ်။ မက်ကလောင်ခြစ်ပြီး ၈မိနစ်ကြာတဲ့အခါ ခြစ်ထားတဲ့နေရာရဲ့ သွေးလှည့်ပတ်မှုဟာ ၄၀၀- ရာခိုင်နှုန်းထိ ပိုများလာတာကိုတွေ့ရတယ်။ ခြစ်ပြီး နှစ်ရက်အကြာမှာ သွေးလှည့်ပတ်မှု ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။ ၂၀၀၉ခုနှစ်က ကြွက်တွေမှာ လေ့လာကြည့်တဲ့အခါ ဆဲလ်တွေကို ကာကွယ်ပေးတဲ့ အရောင်ကျစေတဲ့ အင်ဇိုင်းဓာတ်(Heme Oxygenase-1)ကို များစေတယ်လို့ ဆိုပြန်တယ်။ ဒါ့ပြင် အသည်းရောင်တဲ့အခါ တက်လာတဲ့ အင်ဇိုင်းဓာတ်တမျိုးလည်း လျှော့နည်းစေသေးသတဲ့။ ဒီအချက်နဲ့ပတ်သက်ပြီး ၂၀၁၃ခုနှစ် စက်တင်ဘာလထဲမှာ လူနာတွေကို လက်တွေ့စမ်းသပ်ကြည့်ပြန်ပါတယ်။ အဖြေထွက်လာတော့ မက်ကလောင်ခြစ်ပြီး ထူးခြားတိုးတက်ကောင်းမွန်မှုတစုံတရာ မတွေ့ခဲ့ရဘူးလို့ သိရတယ်။

လက်တွေ့ကျပြီး သီအိုရီမဟုတ်တဲ့ ကိုယ်ပိုင်အတွေ့အကြုံကို ပြောရရင် မက်ကလောင်ခြစ်လို့ အလုပ်ဖြစ်တာမျိုး သိပ်မတွေ့ရပါဘူး။ မက်ကလောင်ခြစ်ပြီး ဆေးခန်းလာတဲ့ လူနာတွေကို မကြာခဏ မေးဖြစ်ပါတယ်။ မက်ကလောင်ခြစ်လို့ သိသိသာသာ သက်သာလာသလား ဆိုတာမျိုးပါ။ အများစုက မသက်သာပါဘူးဆိုတဲ့ အဖြေကိုပဲ ပေးပါတယ်။ ဒါပေမယ့် အဲလိုလူနာတွေကပဲ နောက်တကြိမ်ဆေးခန်းလာပြန်တော့ ရှေးရိုးမပယ်နိုင်ဘဲ မက်ကလောင်ခြစ်လာကြပြန်ပါတယ်။ မက်ကလောင်နဲ့ပတ်သက်လို့ မှားယွင်းတဲ့အယူအဆတခုလည်း ရှိသေးတယ်။ မက်ကလောင်ခြစ်ပြီးရင် ဆေးမထိုးရဘူးဆိုတဲ့ အယူအဆမျိုးပါ။ အမှန်က ရောဂါသက်သာဖို့ လိုအပ်ရင် ဆေးထိုးနိုင်ပါတယ်။

နိဂုံးချုပ်သုံးသပ်ချက်
နေမကောင်းတဲ့အခါ မက်ကလောင်ခြစ်ရမယ်ဆိုတာ ရှေးကတည်းက အရိုးစွဲနေတဲ့ အလေ့အကျင့်တခု ဖြစ်လို့ အပြစ်ပြောဖို့မဖြစ်နိုင်ပါ။ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်လို့ မိမိယုံကြည်ရာကို လွတ်လပ်စွာ လုပ်ပိုင်ခွင့်လည်း ရှိပါတယ်။ သို့သော် အများကောင်းတယ်လို့ ယူဆထားတာထက် မိမိကိုယ်တိုင်တကယ် သက်သာသလား အရင်ဆုံးစဉ်းစားကြည့်သင့်တယ်။ သွေးလည်ပတ်မှုကောင်းတယ်ဆိုတဲ့ သီအိုရီ လက်ခံနိုင်လောက်ပေမယ့် တခြားဇီဝကမ္မပြောင်းလဲမှုတွေကို ဆက်လက်လေ့လာဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ လက်ရှိချိန်ထိ လေ့လာမှုတွေအရ ကောင်းကျိုး၊ဆိုးကျိုး ဘယ်လိုမျိုးလည်း ရေရေရာရာ မပြောနိုင်သေးဘူး။ အနောက်တိုင်း ဆေးပညာအရ မက်ကလောင်ခြစ်တာမျိုးဟာ နာကျင်မှုကို လမ်းလွှဲတာမျိုး ဖြစ်တယ်။ ဒါ့ပြင် မသန့်ရှင်းတဲ့ပစ္စည်းတွေကြောင့် ပိုးဝင်လာနိုင်တယ်။ ဖျားလာနိုင်တယ်။ သွေးဆိပ်တက်ပြီး လူ့အသက်အန္တရာယ်ကို ဒုက္ခပေးသည်ထိ ဖြစ်လာနိုင်တာမို့ သတိထားဖို့လည်း လိုအပ်ပါတယ်။

Credit -ရတနာပုံ သတင်းစာ

No comments:

Post a Comment