စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 6, 2014

ချောင်းဆိုးခြင်း ယဉ်ကျေးမှု

ပြီးခဲ့သော သင်္ကြန်တွင်းက မိသားစုနှင့် ပုဂံ ဘုရားဖူး သွားခဲ့သည်။ လေယာဉ်ဖြင့် သွားခြင်းဖြစ်သဖြင့် လေယာဉ် ကွင်းသို့ တစ်နာရီခန့် ကြိုရောက်ခဲ့ ပြီး နားနေ ဆောင်တွင် မိမိ လေယာဉ်အလှည့်ကို စောင့်နေ ခဲ့သည်။ သင်္ကြန်တွင်း ဖြစ်၍လား မသိ၊ နားနေဆောင် တစ်ခုလုံး ခုံအလွတ်မကျန် အောင် ခရီးသည် များနှင့် ပြည့်နေသည်။ နိုင်ငံခြားသား ခရီးသွား များလည်း ပါသည်။

ထိုစဉ် အတွင်း အသက် ၅၀ ကျော် အမျိုးသား တစ်ဦးက ချောင်း တဟွတ်ဟွတ် အဆက်မပြတ် ဆိုးတော့သည်။ လူအများ အလယ်တွင် တခွီးခွီးနှင့် ဖြစ်နေသည်။

၎င်း၏ ဘေးတွင် ထိုင်နေသော လူများက နေရာ ရွှေ့ကြသည်။ နိုင်ငံခြားသား များက မသိမသာ စောင်းကြည့် ကြသည်။ ထိုလူကလည်း ချောင်းဆိုး လုံးဝ မပြတ်။ မိမိတို့ လေယာဉ်သာ ထွက်လာသည်။ ထိုလူက ချောင်းဆိုး တုန်းပင်။ စာရေးသူ မိမိ ရှေ့တည့်တည့်တွင် အကာအကွယ် မပါ ချောင်းဆိုးသော လူနာ များကို မကြာခဏ တွေ့ဖူး ပါသည်။ ချောင်းဆိုး ခြင်းသည် များသောအားဖြင့် အဆုတ် ရောဂါကြောင့် ဖြစ်သည်။ အဆုတ် ရောဂါ သာမက အခြား ရောဂါ များတွင်လည်း ဆိုး နိုင်သည်။ အချို့ ဆေးများ၊ နှလုံး ရောဂါ တို့ကြောင့်လည်း ဆိုးနိုင်သည်။

ချောင်း ခြောက်၊ သလိပ် ထွက်ချောင်း၊ သွေးပါသော ချောင်း စသည်ဖြင့် မျိုးစုံရှိသည်။ မည်သည့်ချောင်းပဲ ဖြစ်ဖြစ်၊ မည်သည့် အကြောင်းကြောင့်ပင် ဆိုးဆိုး ချောင်းဆိုးသူတွင် ယဉ်ကျေးမှု ရှိသည်။ မည်သည့် နေရာတွင် ဆိုးဆိုး၊ မိမိကြောင့် တစ်ပါးသူ အနှောင့်အယှက် မဖြစ်ရန်၊ မိမိရောဂါ တစ်ပါး သူထံ ကူးစက် မသွားရန် အရေးကြီးသည်။ ထိုသို့ မကူးစက် ရန်လည်း မိမိတွင် တာဝန် ရှိသည်ဟု ဆိုချင်သည်။ အိမ်တွင် မဆင်မခြင် ဆိုးပါက မိမိ အိမ်သား များကို ကူးမည်။ ကျောင်းတွင် ဆိုးပါက မိမိ သူငယ်ချင်း များ ကို ကူးမည်။ ရုံးတွင် ဆိုးပါက မိမိ မိတ်ဆွေ၊ လုပ်ဖော် ကိုင်ဖက် များကို ကူးမည်။ ယုတ်စွ အဆုံး ဆေးရုံ၊ ဆေးခန်းသို့ သွားရောက် ပြသစဉ် ဆိုးပါက အခြား လူနာများကို ကူးမည်။ ဆေးရုံ ဝန်ထမ်းများကို ကူးမည်။ မိမိအား ကုသ ပေးနေသော ဆရာဝန် အားလည်း ကူးမည် ဖြစ်သည်။ ချောင်းဆိုးခြင်းကြောင့် ရောဂါ ကူးစက်ခြင်း ရောဂါပိုးများ ဝင်၍ အဆုတ် လေပြွန် ရောင်ခြင်းကြောင့် ဖြစ်သော ချောင်းဆိုး ခြင်းသည် အခြား လူများကို ကူးစက် နိုင်သည်။ ကြက်၊ ငှက်တုပ် ကွေး အပါအဝင် တုပ်ကွေး မျိုးစုံ ကဲ့သို့သော ဗိုင်းရပ်စ် (Virus)၊ အဆုတ်ရောင် နမိုးနီးယား (Pneumonia)၊ တီဘီ ရောဂါ ကဲ့သို့သော ဗက်တီးရီးယား ရောဂါပိုး မျိုးစုံ ပါဝင်သည်။ တစ်ယောက်က ဆိုးလိုက်သောချောင်းမှ အရည်၊ ချွဲ၊ သလိပ် စသည် တို့တွင် ပါလာသော ပိုးသည် အခြား လူများဆီသို့ ရောက်ပြီး ကူးစက်ခြင်း ဖြစ်သည်။ အသက်ရှူ လမ်းကြောင်းမှ ကူးစက်ပုံ နှစ်မျိုး ရှိသည်။

Droplet ဖြင့် ကူးစက်ခြင်းနှင့် Aerosol ဖြင့် ကူးစက်ခြင်း ဟူ၍ ဖြစ်သည်။ Droplet သည် အရွယ် ၅ မိုက်ခရို မီတာထက် ကြီးသည်။ ချောင်းဆိုး၍ ထွက်လာသော အရည်မှုန် (Droplet) သည် လူနာပတ်လည် ၃ ပေခန့်ထိသို့ ရောက်ပြီး လူနာ အနီး ပတ်လည်က လူများကို အဓိက ကူးစက်သည်။

Aerosol သည် ၅ မိုက်ခရို မီတာထက် ပိုသေးသော အမှုန်အစက် ကလေးများမှ တစ်ဆင့်ကူးသည် ဖြစ်ရာ အနီးအနား ဝန်းကျင်မှ လူသာမက ခပ်လှမ်းလှမ်း၊ အခန်းတွင်း ခပ်လှမ်းလှမ်းမှ လူသို့ပင် ကူးနိုင်သည်။ တုပ်ကွေးသည် Droplet နည်းရော၊ Aerosol နည်းပါ နှစ်မျိုး စလုံးနှင့် ကူးစက် နိုင်သည်။ ချောင်းဆိုး၍ ထွက်လာသော ချွဲ၊ သလိပ် အရည် တို့သည် အနီး ပတ်ဝန်းကျင်ရှိ ပရိဘောဂ၊ အသုံးအဆောင် ပစ္စည်းများ ပေါ်ရောက် သွားရာမှ တစ်ဆင့် အခြား လူများကို ကူးစက် နိုင်သေးသည်။ ထိုလူက ပရိဘောဂ၊ ပစ္စည်းကို ကိုင်တွယ် မိရာမှ နောက်တစ်ဆင့် ကူးသွားခြင်းဖြစ်သည်။ ချောင်း တစ်ချက် ဆိုးရုံနှင့် ပိုး သိန်း နှင့် ချီထွက်ပြီး လူ အများအပြားကို ကူးနိုင်သည်ဟု ဆိုသည်။

သင် ချောင်းဆိုးလျှင် အိမ်၌ လည်းကောင်း၊ ရုံး၌ လည်းကောင်း၊ ဆေးရုံ၌ လည်းကောင်း သင် ချောင်းဆိုး ပါက အခြား လူများကို မကူးစက်အောင် သတိထား သင့်သည်။ အထူး သဖြင့် ရောဂါပေါင်းစုံသော ဆေးရုံ၊ ဆေးခန်း များတွင် ဖြစ်သည်။ အခန်း ကျဉ်းကျဉ်း ဆေးခန်းတွင် လူနာများ စုပြုံ စောင့်နေစဉ် ချောင်း တစ်ချက် ဆိုးလိုက် ပါက အခြား ရောဂါ တစ်ခုနှင့် လာပြသော လူနာသည် ဆေးခန်းမှ တုပ်ကွေး၊ နမိုးနီးယား၊ တီဘီ စသည့် လက်ဆောင် ရောဂါများ ရသွားနိုင်သည်။

ထို့ကြောင့် မိမိ ချောင်းဆိုးလျှင် လူအများနှင့် ဝေးရာတွင် သွားဆိုးပါ။ လက်ကိုင်ပဝါ သို့မဟုတ် တဘက်နှင့် အုပ်ဆိုးပါ။ လက်ကိုင်ပဝါ၊ တဘက် မရှိပါက စက္ကူ၊ တစ်သျှူး၊ သတင်းစာနှင့် အုပ်ဆိုးပါ။ ဘာ တစ်ခုမျှ မရှိလျှင် လက်ကိုမြှောက်၊ ပါးစပ်ကို လက်မောင်းနှင့် အုပ်ပြီး ဆိုးပါ။ လက်ဝါးနှင့် အုပ်ဆိုး ပါက လက်မှ တစ်ဆင့် ပြန် ကူးစက် နိုင်သည်ကို သိထားသင့်သည်။

ချောင်းဆိုး သဖြင့် ဆေးရုံ၊ ဆေးခန်းသို့ သွားပါ ကလည်း ဧည့်ကြို ဌာနသို့ ရောက်သည်နှင့် မိမိသည် ချောင်းဆိုး နေကြောင်း အသိပေးကာ နှာခေါင်းစည်း (Mask) တစ်ခုဝယ်ကာ နှာခေါင်းနှင့် ပါးစပ်ကို အုပ်ထားပါ။ ဤသို့ ဆင်ခြင်လျှင် မိမိထံမှ အခြား သူများသို့ ကူးစက်မှု နည်းသွားမည် ဖြစ်သည်။ ချောင်းဆိုး လူနာတိုင်း ယဉ်ယဉ် ကျေးကျေး၊ အဆင့်အတန်းမြင့်မြင့်၊ ကျန်းမာ ရေး အသိနှင့် ဆိုးနိုင် ကြရန် လိုပါသည်။

ပါမောက္ခ နေ၀င်း (ဆေးပညာ)

No comments:

Post a Comment