စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 6, 2014

ခေါင်းတွေဘာကြောင့်ကိုက်ရတယ်...

ခေါင်းကိုက်ခြင်း(headache)

ခေါင်းကိုက်ခြင်း(headache) က မဖြစ်ဖူးသူမရှိသလောက်ရှားပါတယ်၊ စစ်တမ်းများအရ လူ(၉၀%)လောက်ဟာ တစ်နှစ်မှာ အနည်းဆုံးတစ်ခါတော့ ခေါင်းကိုက်ခြင်းကိုခံစားကြရပါတယ်၊တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ပြောရရင် ဆိုးဝါးပြင်းထန်တဲ့ ခေါင်းကိုက်ခြင်း ခံစားရသူဟာ တစ်နှစ်တနှစ်မှာ ၄၀%လောက်ထိ အနည်းဆုံးရှိမယ်လို့ ခန့်မှန်းကြပါတယ်။ဥရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံတို့မှာ လူဦးရေရဲ့ ၇၀% ကျော်ဟာ ခေါင်းကိုက်ခြင်းတစ်မျိုးမျိုးကို ခံစားနေရပါတယ်တဲ့။ဒါကတော့ ခေါင်းကိုက်ခြင်းဟာ ဘယ်လောက်များများခံစားနေရတယ်ဆိုတာ သိအောင်ဖော်ပြခြင်းပါ။


နောက်တစ်ခုက လူနာအတော်များများဟာ ခေါင်းကိုက်တယ်(I've got headache) လို့ဆရာဝန်ကိုပြောလိုက်တာနဲ့ သူဟာပြည့်စုံစွာပြောလိုက်ပြီလို့ ထင်တတ်ကြပါတယ်၊ တကယ်တော့ ခေါင်းကိုက်ခြင်းဟာ ကျနော်ခေါင်းကိုက်နေတယ်လို့ ဆရာဝန်ကိုပြောလိုက်ရုံနဲ့ မပြီးသေးပါဘူးခင်ဗျ။ ဒါကို အဓိက ဘာကြောင့်ပြောရသလဲဆိုတော့ ဆရာဝန်တွေက ခေါင်းကိုက်ခြင်းအကြောင်းကိုပိုသိဖို့ မေးခွန်းတွေ ဆက်မေးနေရင် အများစုက လေရှည်တယ်လို့ ထင်တတ်ကြတယ်ဗျ။



တကယ်တော့ သာမန်အပရိကအာဂန္တုဖြစ်ရပ်ကလေးကနေ(minor ailment) ကနေ ပြင်းထန်ပြီး အသက်အန္တရာယ်ကိုခြိမ်းခြောက်နိုင်တဲ့ရောဂါ(severe and life-threatening diseases)တွေအထိ ခေါင်းကိုက်ခြင်းကိုဖြစ်စေတတ်ပါတယ်၊ ဒါကြောင့်လည်း ဆရာဝန်တွေက ခေါင်းကိုက်ခြင်းနဲ့ပတ်သတ်လာရင် အသေးစိတ်မေးလိုကြခြင်းဖြစ်ပါတယ်ခင်ဗျ...



နောက်တစ်ချက်အနေနဲ့ တီဗီကြော်ညာတွေမှာတွေ့နေရတဲ့ အချက်ပါပဲ၊ ဘာလဲဆိုတော့ over the counter drug လို့ခေါ်တဲ့ ဆရာဝန်ညွှန်ကြားချက်မပါဘဲဝယ်လို့ရတဲ့ဆေးတွေအချို့ပါပဲ၊

တစ်ချို့ဆေးတွေဟာ ခေါင်းကိုက်နေသလား ၊ ဒီဆေးကိုသောက်ဘာညာနဲ့ ကြော်ညာကြပါတယ်၊ အတိုင်းအတာတစ်ခုထိမှန်ကောင်းမှန်နိုင်ပါတယ်၊ ဒါပေမယ့် တစ်ချို့ခေါင်းကိုက်ခြင်းတွေကိုသက်သာဖို့သောက်တဲ့ဆေးတွေကိုယ်တိုင် ခေါင်းကိုက်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်ခင်ဗျ။နောက်ပြီး ခေါင်းကိုက်လို့ဆေးသောက်မှ အပိုဘေးထွက်ဆိုးကျိုးတွေဖြစ်ပြီး ဆိုးဆိုးဝါးဝါးခံစားသွားရတွေကလည်း မနည်းပါဘူးခင်ဗျ။



ဘယ်လောက်ထိများလဲဆိုရင် တစ်ကမ္ဘာလုံးမှာ ခေါင်းကိုက်လို့ analgesics ခေါ် အကိုက်အခဲပျောက်ဆေးတွေ အသုံးစွဲလွန်မှုကြောင့် နှစ်စဉ် အရေအတွက်၂၀၀ ၀၀၀ ကျော်ဖြစ်ရပ်များဖြစ်ပြီး ပြင်းထန်သောဆေးဝါး၏ဘေးထွက် ဆိုးကျိုးများကြောင့် ဆေးရုံတက်ရသူဦးရေဟာလည်း နှစ်စဉ် ၂၀၀၀၀ လောက်ရှိခြင်းဟာ သတိချပ်ဖွယ်ပါပဲခင်ဗျ။

ပထမဆုံးခေါင်းကိုက်ခြင်း(headache)ဆိုတာ ဘာလဲလို့သိအောင် လုပ်ကြတာပေါ့၊

ခေါင်းကိုက်ခြင်းဆိုတာ ဦးခေါင်းပိုင်းရှိ နာကျင်ကိုက်ခဲခြင်း အားလုံးကို ခေါင်းကိုက်ခြင်းလို့ခေါ်ပါတယ်၊ ဒါပေမယ့် အဓိကအားဖြင့် ဦးခေါင်းထိပ်ပိုင်း[cranial vault(မျက်နှာပိုင်းမဟုတ်သောခေါင်းပိုင်း)] မအီမသာဖြစ်ခြင်းကိုသတ်မှတ်ပါတယ်ခင်ဗျ။

ဒါပေမယ့်လည်း တစ်ခါတရံမှာ လည်ပင်းထိပြန့်နှံ့သွားတဲ့ နာကျင်မှုကိုလည်းခေါင်းကိုက်ခြင်းလို့ ခေါ်တတ်ပါသေးတယ်ခင်ဗျ။

ခေါင်းကိုက်ခြင်းဟာ ဘာကြောင့် အများဆုံးဖြစ်နေရတာလည်းဆိုတာကတော့ အကြောင်းပြချက်ခိုင်ခိုင်လုံလုံရှိပါတယ်ခင်ဗျ။

ပထမဆုံးအနေနဲ့ ခေါင်းမှာ ခန္ဓာကိုယ်တစ်ခုလုံးကိုထိန်းချုပ်နေသော ဦးနှောက် (brain)ရှိနေခြင်းပါ၊ ဦးနှောက်ဟာ အရမ်းနုနယ်သိမ်မွေ့တဲ့အတွက် သူ့ကို မထိခိုက်ရလေအောင် ဦးခေါင်းရိုး(skull)နဲ့အုပ်ပေးထားပါတယ်၊ နောက်ပြီး ဦးခေါင်းရိုးအတွင်းမှာလည်း meningesခေါ် ဦးနှောက်မြေးအလွှာသုံးလွှာနဲ့ ဖုံးအုပ်ထားပါတယ်၊နောက်ပြီး ထိခိုက်မှုဘေးတွေကနေ သက်သာအောင် cushion effect ရစေတဲ့ ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီးအတွင်းနဲ့ ပတ်လည်မှာ စီးဆင်းနေတဲ့အရည်( cerebrospinal fluid) ရှိပါသေးတယ်ခင်ဗျ။

ဒီလို အရံအတားအမျိုးမျိုးကာရံထားတဲ့အပြင် ကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းမှာလည်းရှိတဲ့ နာကျင်မှုကိုသိစေတဲ့ အာရုံခံ(pain receptors)တွေကလည်း ခေါင်းပိုင်းမှာပိုများပါတယ်ခင်ဗျ...။တကယ်တော့ pain ခေါ်တဲ့ နာကျင်မှုဟာ ပြင်ပမှ တစ်ခုခုထိခိုက်လာတာကိုသိအောင်လုပ်တဲ့ protective reflex ခေါ် မိမိကိုယ်ကိုကာကွယ်ရန် တုန့်ပြန်မှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ နာကျင်မှုခံစားချက်ဟာ ပျက်သွားရင် မကောင်းဘူးဆိုတာ အနာကြီးရောဂါသည်တွေက သက်သေထူပါတယ်(အနာကြီးရောဂါသည်တွေဟာ ထိခိုက်နာကျင်မှုကို မသိတဲ့အတွက် ခြေထောက်တွေလက်တွေမှာ အနာတွေဖြစ်ကာ နောက်ဆုံး အဲဒီအနာတွေကပဲအရိုးအသားအရေပြားစားသွားတဲ့အတွက် လက်တိုခြေတိုဖြစ်ကြရပါတယ်)ဒါကြောင့်နာကျင်မှုဟာ ခန္ဓာကိုယ်ရှင်သန်ရပ်တည်မှုအတွက် မရှိမဖြစ်အရေးပါလှပါတယ်၊

ဒါပေမယ့် အစွန်းရောက်ပြီး အရမ်းနာကျင်နေပြန်တော့လည်း အလုပ်မလုပ်နိုင်ဖြစ်ပြီး ဒုက္ခတစ်မျိုးရောက်ပြန်ပါတယ်။(မြတ်ဗုဒ္ဓဟောတော်မှုတဲ့ အလယ်အလတ်ကပဲ အကောင်းဆုံးဗျို့)

နောက်တစ်ချက်က ဦးခေါင်းမှာရှိတဲ့ ဒွါရအရေအတွက်ပါ၊ အာရုံငါးပါးစလုံး(မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ထိတွေ့မှု)တွေဟာခေါင်းပိုင်းမှာရှိနေပါတယ်၊ဒီလိုအရေးကြီးတဲ့ အာရုံခံစားနိုင်မှုအပိုင်းတွေဟာ နူးညံ့တာကြောင့် သူတို့ကိုကာကွယ်ဖို့ pain receptor တွေဟာခေါင်းမှာပိုများခြင်းဟာလည်း ခေါင်းကိုက်ခြင်းဟာ အများဆုံးဖြစ်စေတဲ့အချက်ပါပဲ

ဒါပေမယ့် ၀မ်းသာစရာကောင်းတဲ့အချက်တစ်ချက်လည်းရှိပါသေးတယ်၊ ဘာလဲဆိုတော့ ခေါင်းကိုက်ခြင်းအားလုံးရဲ့ ၉၅%လောက်ဟာ ဦးနှောက်နဲ့ အာရုံကြောရောဂါတွေနဲ့ မဆက်စပ်ဘဲ ကျန်တဲ့ ၅%လောက်ကပဲအထက်ပါရောဂါဆိုးတွေနဲ့ ဆက်စပ်တယ်ဆိုတာပါပဲခင်ဗျ...

တကယ်လို့သင်ဟာ အောက်ပါတို့ထဲမှ တစ်ခုခုခံစားနေရပြီဆိုရင်တော့ သင့်ရဲ့ ခေါင်းကိုက်ခြင်းဟာ ပေါ့သေးသေးသဘောထားလို့မရတဲ့ ဆိုးဝါးတဲ့ နောက်ခံရောဂါတစ်ခုခုရှိနေနိုင်တယ်ဆိုတာ မှတ်စေလိုပါတယ်

1. မိမိသက်တမ်းတစ်လျှောက် အဆိုးဝါးဆုံးသော ခေါင်းကိုက်ခြင်းဖြစ်လျှင်..

2. ပထမဆုံးသော ဆိုးဝါးပြင်းထန်လွန်းသည့် ခေါင်းကိုက်ခြင်းကိုခံစားရလျှင်...

3. ရက်သတ္တပတ်များအတွင်း ခေါင်းကိုက်ခြင်းဟာ တဖြည်းဖြည်း ပိုပိုဆိုးလာလျှင်...

4. ခေါင်းကိုက်ခြင်းနှင့်အတူ ခြေလက်များအားနည်းပြီး မလှုပ်ရှားနိုင်ခြင်း၊ စကားပြောလေးလံခက်ခဲခြင်းစသော အာရုံကြောပြဿနာများပေါ်ပေါက်လာလျှင်...

5. ခေါင်းကိုက်ခြင်းနှင့်အတူ ဖျားနာခြင်းနှင့် အခြားသောရောဂါလက္ခဏာများတွဲဆက်နေလျှင်..

6. ခေါင်းကိုက်ခြင်းမစမီ အန်လျှင်...

7. အလေးအပင်မခြင်း၊ ကိုယ်ခန္ဓာရှေ့သို့ ကွေးညွှတ်ခြင်း နှင့် ချောင်းဆိုးခြင်းကြောင့် ခေါင်းကိုက်ခြင်းဖြစ်ပေါ်လာလျှင်...

8. ခေါင်းကိုက်ခြင်းကြောင့် မအိပ်စက်နိုင်ခြင်း၊( သို့) နိုးလျှင်နိုးခြင်း ခေါင်းကိုက်ခြင်းကို ခံစားရလျှင်...

9. ခေါင်းကိုက်ခြင်းစတင်မှုသည် အသက် ၅၅ နှစ်နောက်မှ ဖြစ်လာလျှင်..

10. သိရှိပြီးသော ရောဂါတစ်မျိုးမျိုးရှိပြီး ခေါင်းကိုက်ခြင်းပေါ်ပေါက်လာလျှင်..

အထက်ပါအချက်များအပြင်

* ခေါင်းကိုက်ခြင်းကြောင့် အကိုက်အခဲပျောက်ဆေးများ တစ်ပတ်လျှင် ၂ ကြိမ်ထက်ပိုသောက်နေရလျှင်

* ရုတ်တရတ်ချက်ချင်း ခေါင်းကိုက်ခြင်းပေါ်ပေါက်လာလျှင်

* သင်၏ ကုသမှုဆေးဝါးများကြောင့် ခေါင်းကိုက်မှုပေါ်ပေါက်လာသည်ဟု ယူဆလျှင်

* ခေါင်းကိုက်ခြင်းနှင့်အတူ နေ့ခင်းဖက်တွင် အိပ်ချင်စိတ်များနေပြီး ပုံမှန်ထက်ပိုအိပ်နေလျှင်

* အရင်က မခံစားဖူးသော ပုံစံမျိုးဖြင့် ခေါင်းကိုက်လာလျှင်

* အမြဲတမ်း ခေါင်းတစ်ဖက်ခြမ်းသာ ခေါင်းကိုက်လျှင်

* မိမိ၏ကလေးငယ်တွင် ဖျားနာခြင်း ၊ အဖုအပိတ်များထခြင်းနှင့်အတူ ခေါင်းကိုက်သည်ဟု ပြောလျှင်...


ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်နှင့် ပြသဆွေးနွေးသင့်ပါကြောင်း

ပြောကြားရင်း ခေါင်းကိုက်ခြင်းနိဒါန်းကို ဤနေရာမှပဲ ရပ်နားပါရစေ...

Mr.pearl(ပုံတောင်သား)

Ref; Adam&Victor Principles of Neurology(8th edition)

Harrisons.Principles of Internal Medicine(16th edition)


No comments:

Post a Comment