စာအုပ်စာပေလု့မိတ်ဆွေ

Wednesday, August 6, 2014

ခုခံနေသော လူနာများ

လူတွေဟာ စိတ်ပူတတ်သတဲ့။ စိတ်ပူတတ်လို့ပဲ လူတွေ အဆင့်အတန်းမြင့်မားလာခဲ့ကြသတဲ့။ စိတ်ပူရင် လူတွေ တစ်ဦးနဲ့ တစ်ဦး   တုန့်ပြန်ပုံခြင်း မတူတတ်ပါဘူးတဲ့။ ဒါတွေကို Defense Mechanism of   Anxiety လို့ ခေါ်သတဲ့။ ကျနော်တို့ ဆရာဝန်တွေနဲ့ လူနာတွေကြားထဲမှာ  ဖြစ်ပေါ်နေတဲ့ ဆက်ဆံရေး အဖုအထစ်တချို့ဟာဖြင့် ဒီအကြောင်းအရာနဲ့  ဆက်နွယ်နေပါတယ်။ (ကျနော်သင်ပေးလေ့ ရှိတဲ့ Basic Psychiatry Lecture က     ထုတ်နှုတ်တင်ပြပါတယ်။)

Denial

အတွေ့ရဆုံးသော defense mechanism ပါပဲ။ ဆရာဝန်က လူနာကို  သွေးတိုးရှိနေပြီလို့ ပြောလိုက်ရင် လူနာတော်တော်များများဟာ  လေဖြတ်တတ်တယ်လို့ သိထားတဲ့အတွက် တုန်လှုပ်ရပါတယ်။  ဒီနောက်မှာတော့ denial လုပ်ပါတော့တယ်။ (ငါဟာ ခေါင်းလည်း မမူးဘူး၊ ဇက်လည်း မထိုးဘူး၊ ဒီတော့ ဆရာဝန်တွေ ပြောသလို သွေးတိုးဆိုတာ ဟုတ်ပါ့မလား။) တွေးသူတွေ ရှိပါမယ်။ ( ဇက်မထိုးတဲ့ အတွက် ငါဟာ ခံနိုင်ရည် ရှိပုံရတယ်။ သူများတွေလို လေဖြတ်တာတွေ ဖြစ်ချင်မှ ဖြစ်မှာ။)  လို့ ငြင်းဆန်နေသူတွေ ရှိတတ်ပါတယ်။ အရက်သမားတွေမှာတော့ အရက်ကြောင့် ဘယ်လောက်ပဲ ဒုက္ခရောက်ရောက် အရက်စွဲနေပြီလို့ လက်မခံတတ်ကြပါဘူး။ ဆရာဝန်တချို့က  ဆေးလိပ်စွဲနေရင် ငါ့မှာ တခြား risk factor မရှိလို့ ဘာမှ မဖြစ်နိုင်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် လိမ်ချင်ကြပါတယ်။ အသည်းအသန်လူနာတချို့မှာ တခါတလေ (အားလုံးကောင်းတယ် ဆရာ) လို့ ပြောတိုင်း မယုံပါနဲ့။ လူနာက ကိုယ့်ဘာသာကို ညာချင်နေတာပါ။

Suppression

၁။ ဆီးချိုသွေးတိုး ရောဂါကို မေ့ထားချင်ပါတယ်။ တွေးမိတိုင်း စိတ်မချမ်းသာဘူး။ ဆီးချိုသွေးကျဆေးသောက်ရတိုင်း ရောဂါရှိတာ သတိရရတယ်။ ဒီတော့ မသောက်တော့ဘဲ မေ့ထားလိုက်တော့တယ်။

၂။  ဆေးရုံမှာ နေရင် ရောဂါကို သတိရပြီး နေနေရတယ်။ ဆေးရုံက ဆင်းခွင့်တောင်းတယ်။ ရောဂါက မပျောက်သေးဘူး။ အိမ်မှာ ဆိုရင်    မေ့ထားလို့ရတယ်လေ။

Rationalization

( သွေးတိုးပေမယ့် သောက်ဆေးဘိုးမတတ်နိုင်ဘူး။ ဒီတော့ သံပုရာသီးစေ့လေး ဝါးနေရင် ဧကရာဇ်မြစ်လေး သွေးသောက်နေရင်လည်း ရတာပါပဲ။) Rationalization ဆိုတဲ့ ဟာပါ။ ရောဂါကို သူကုနေပါတယ်ပေါ့လေ- စိတ်ဖြေတွေးတွေးနေတာ။ ဆရာဝန်တချို့ ဆေးလိပ်လေးပဲ ငါသောက်တာ ငါကျန်တာrisk factor ဘာမှ မလုပ်ဘူး ဘာမှ မရှိဘူး ဆိုရင်လည်း ဒီအထဲပါပဲ။ ဆရာဝန်ဟာ သိသာသိတယ် နားသာနားလည်တယ် မလိုက်နာဖြစ်တော့ပါဘူး။ ဆေးလိပ်စွဲနေတဲ့ ဆရာဝန်က Anti-oxidents သောက်ရင် သူဘာမှ မဖြစ်တော့ဘူးလို့ မိုးကြိုးပစ် ထန်းလက်နဲ့ ကာတာမျိုးလဲ ပါပါတယ်။ အရက်သောက်နေသူက Livolin Forte နဲ့ အသည်းကို ကာကွယ်ဖို့ ကြိုးစားတာမျိုးပါ။

Dissociation or conversion

(ဆရာရယ် အဆုတ်ကင်ဆာနဲ့ သေမှာ မကြောက်ပါဘူး။ ချောင်းဆိုး  သွေးပါနေတာလေးပဲ ပျောက်အောင် လုပ်ပေးပါ။) လို့ ပြောတတ်တဲ့  လူနာမျိုးတွေပါ။ တခါက ဆယ်တန်းနှစ်ကျ ကျောင်းသူတစ်ဦး စာမေးပွဲနီးလာတော့  ဗိုက်နာတာ ကုမရပါဘူး။ အစာအိမ်မှန်ပြောင်းကြည့်တော့ ဘာမှ မတွေ့ပါဘူး။  ဒီတော့မှ Anxiety response မှန်း သိပြီး ကုသအောင်မြင်ပါတယ်။ သူ့စိတ်ထဲမှာ ဒီနှစ် စာမေးပွဲ ကျသွားရင် ဗိုက်နာလို့ ဆိုပြီး ဖြေသာမယ်လေ။ နောက်တစ်ယောက်ကတော့ အိမ်က တအားတွန်းလို့ anxiety ရတဲ့  ဆယ်တန်းကျောင်းသူပါ။ ဗိုက်ပဲ နာပါတယ်။ သူလည်း နောက်ဆုံး OGD  ကြည့်ပြီးမှ အဲဒါမှန်းသိပါတယ်။

Splitting

(ဆရာရယ် - မန်းလေးက ဆရာဝန်တွေက ဆရာ့လို မဟုတ်ဘူးဆရာ။ ဆရာက သိတ်တော်  သိပ်သဘောကောင်းတာပဲ။ နောက်ဆို တခြားလူနာတွေကို ရန်ကုန်ပဲ လွှတ်တော့မယ်။) ဒါမျိုးကတော့ လူနာဟာ စိတ်ပူနေရင် လောကကြီးကို လူဆိုးနဲ့ လူကောင်း၊ အဖြူနဲ့ အမဲ (၂) ပိုင်းပဲ ခွဲလိုက်တယ်။ တခါတလေ အရင်ဆရာဝန်တွေ  မကောင်းကြောင်းလည်း ပြောတတ်ပါသေးတယ်။

Idealization

ဒါကလည်း တခါတရံမှာ အပေါ်က Splitting နဲ့ တူတဲ့ အတွေးမျိုးတွေးတတ်ပါတယ်။ သူရွေးခြယ်ထားတဲ့အရာဟာ အကောင်းဆုံးလို့ မဲတင်းနေတာမျိုးပါ။ သူကုနေတဲ့ ဆရာဝန်ဟာ လူတော်ပဲ။ လူကောင်းပဲ။ သူရွေးချယ်လိုက်တာ မှန်တယ်။ လို့  စိတ်ထဲမှာ မဲတင်းချင်နေတဲ့ သဘောမျိုးပါ။ ဆရာဝန်ကိုလည်း အင်မတန် မြှောက်ပြောတတ်ပါတယ်။

Intellectualization

 ရောဂါဖြစ်ရင် ဘယ်လိုကုမယ် မစဉ်းစားတော့ပဲ အင်တာနက်ထဲမှာ ရောဂါအကြောင်း လိုက်ဖတ်နေတတ်တယ်။ စာအုပ်တွေ ၀ယ်ဖတ်နေတတ်တယ်။ (ဆေးကျောင်းသားတွေကတော့ စာမေးပွဲနီးမှ Notes ထုတ်နေတတ်သဗျ။

Projection

အရက်သမားလူနာတစ်ယောက် လေဖြတ်ပြီး ဆေးရုံတက်ပါတယ်။ ညပိုင်း ကျနော်ကြည့်တုန်းက အကောင်းပါ။ ည ၂ နာရီမှာ ဆုံးသွားပါတယ်။ ဆုံးသွားတာကို လူနာစောင့်တွေ အိပ်ပျော်နေလို့ မသိပါဘူး။ သူတို့မှာ   အပြစ်ရှိသလို ခံစားရတဲ့အခါ ဆေးရုံဝန်ထမ်းတွေ ပြုစုကုသမှု ညံ့ပါတယ်လို့   ကျနော်တို့ကို တိုင်ပါတယ်။ ဒါဟာ သူတို့ သောကကို ကျနော်တို့အပေါ်   ပုံချတာပါ။ ဒီတော့ ကျနော်တို့ ဆေးဝန်ထမ်းတွေဟာ လူနာဖက်မှာ ဆုံးရှုံးမှု    ရှိတာ သတိကြီးကြီးထားပါ။ လူနာတွေကတော့ သူတို့ကိုယ်တိုင်ကလွဲလို့    သူများကို အပြစ်တင်ဖို့ ကြိုးစားမှာပါ။ ဓားစားခံ မဖြစ်အောင်  ကြိုးစားပါ။

Regression

ဆရာမရေ လာပါဦး။ ဆရာရေ လုပ်ပါဦးနဲ့- ခလေး ဆန်သွားတာမျိုးပါ။    ဘာဖြစ်ဖြစ် ဆေးဝန်ထမ်းကို အလွန်အမင်း အားကိုးတတ်ပါတယ်။ Demanding Patient လို့ ဆေးဝန်ထမ်းအချင်းချင်း ကွယ်ရာမှာ အပြောခံရတတ်ပါတယ်။   တကယ်တော့ လူနာနဲ့ လူနာရှင်တွေ စိတ်အရမ်းပူနေလို့ပါ။

Obsessional Defense

 ရောဂါဝေဒနာတွေကို list လုပ်လာတတ်တယ်။ Blood Sugar တွေကို သေသေချာချာ မှတ်ယူလာတတ်တယ်။ ဆရာဝန်ကလည်း သေသေချာချာဖတ်ကြည့်မှ ကြိုက်တယ်။  တချို့ကတော့ ဒီအချိန် ဒီအချိန်တွေမှာ ၀မ်းသွားမှ နေကောင်းတယ်လို့  ပြောတတ်ပါတယ်။

လူတွေရဲ့စိတ်ကို နားလည်ပြီး အချင်းချင်း ပြေလည်နိုင်ကြပါစေ။

ဒေါက်တာမောင်မောင်ဦး

No comments:

Post a Comment