စာအုပ်စာပေလု့မိတ်ဆွေ

Thursday, August 7, 2014

ငှက်ပျောသီး တစ်လုံး နေ့စဉ် သုံး

အမိ မြန်မာပြည်၏ နေရာ အနှံ့အပြား၌ မြို့ပြသာမက ကျေးလက် ဒေသတွင်ပါ မြင်တွေ့ နေရသော မြန်မာ့ အစားအစာ သစ်သီးဝလံများ ထဲတွင် ငှက်ပျောသီးလည်း ပါဝင်သည်။

''အစာလည်း ဆေး၊ ဆေးလည်း အစာ'' ဆိုသကဲ့သို့ လူသား တစ်ဦးချင်းစီ၏ ခန္ဓာကိုယ် ကျန်းမာ ကြံ့ခိုင်စေရန် ငှက်ပျောသီးကို နေ့စဉ် စားသုံး သင့်သည်။ ငှက်ပျောသီးတွင် ပါဝင်သော အမိုင်နိုအက်စစ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် A, B, C, B6 ၊ သံဓာတ်၊ မဂ္ဂနိစ်၊ အမျှင်ဓာတ်၊ ကယ်လိုရီ၊ သတ္တုဓာတ်၊ အကျိုးပြုဓာတ် Antioxidants တို့က ကျန်းမာရေးကို အဓိက အထောက်အပံ့ ဖြစ်စေသည်။ ပိုတက်စီယမ်နှင့် အမျှင်ဓာတ် များသည် နှလုံး သွေးကြောနှင့် ဆိုင်သော အဖွဲ့အစည်းများ အတွက် အကျိုး ပြုစေသည်။ ပိုတက်စီယမ် ဓာတ်သည် နှလုံး လုပ်ဆောင်မှု အတွက် အကူအညီ ပေးသည့်အပြင် သွေးကြော ကျဉ်းမှုနှင့် ရုတ်တရက် လေဖြတ်မှုကို ကာကွယ် ပေးသည်။


ငှက်ပျောသီးတွင် ရေဓာတ် ၇၅ ရာခိုင်နှုန်း ပါဝင်ပြီး ၎င်းတွင် ပါဝင်သော အမိုင်နိုအက်စစ်က ပင်ပန်းနွမ်းနယ် စေသော စိတ်ဖိစီးမှုကို သက်သာ စေသည်။ အသားအရေနှင့် ဆံကေသာကို အကျိုး ပြုသည်။ မွဲခြောက်ခြောက် အရေပြားကို လှပစေသော ဗီတာမင် အေနှင့် ပိုတက်စီယမ်သည် ငှက်ပျောသီးတွင် ပါဝင်သည်။ လူ့ ခန္ဓာကိုယ်မှ အရေပြားကို နူးညံ့ စေသည်။ အသားကို စိုပြည် စေသည်။ ငှက်ပျောသီးကို ခွက်တစ်ခွက်တွင် ပျစ်ပျစ်ကလေး ချေပြီး သကြားတစ်ဇွန်း ရောကာ အရေပြားပေါ် သုတ်လိမ်းပါ။ အရေပြားရှိ ဆဲလ် အသေများကို ဖယ်ရှားပြီး အရေပြား အစိုဓာတ်ကို ပေးစွမ်း နိုင်သည်။ ငှက်ပျောသီး အမှည့်ကို ဒိန်ချဉ် တစ်ခွက်တွင် ရောပြီး ဆံပင်ကို သုတ်လိမ်းပါ။ မိနစ် အနည်းငယ် ကြာလျှင် ရေဖြင့် ဆေးကြောပါ။ ဆံပင် သားများကို နူးညံ့ ပျော့ပျောင်း လှပ စေသည်။ နေ့စဉ် ငှက်ပျောသီး စားသုံးပါက မျက်စိ စွမ်းဆောင်မှုကို အားဖြည့်ပေးသည်။ အသက် အရွယ် ကြီးရင့်ခြင်းကြောင့် မျက်စိ အမြင်အာရုံ ချို့ယွင်းမှုကို ကာကွယ် ပေးပြီး အာရုံခံအလွှာမှ မက်ကျူလာ နေရာ ပျက်ယွင်းခြင်းများကို လျော့နည်း သွားစေမည် ဖြစ်သည်။

စားသုံးရာ၌ အရသာ ပြည့်စုံ ကောင်းမွန်ပြီး အာဟာရဓာတ် အပြည့်အဝ ဖြည့်စွမ်း ပေးနိုင်သော ငှက်ပျော သီးကို နေ့စဉ် စားသုံးခြင်းဖြင့် မိမိ ကိုယ်ခန္ဓာ ကျန်းမာရေးကို မြှင့်တင် နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက် ရပါသည်။

Credit - မြ၀တီ

No comments:

Post a Comment