စာအုပ်စာပေလု့မိတ်ဆွေ

Sunday, August 10, 2014

အီဘိုလာအကြောင်း သိသင့်သော အချက်အလက်များ

ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ်စ် ဟာ အနောက် အာဖရိက တစ်ခွင်ကို ပျံ့နှံ့နေ ပါတယ်။ ၂၀၁၄ ခုနှစ် မတ်လမှာ အနောက် အာဖရိက နိုင်ငံ ဂီနီ မှာ စတင် ဖြစ်ပွားခဲ့ရာ ကအစ ဆီယဲရား လီယွန်း ၊ လိုင်ဘေးရီးယား အစရှိတဲ့ နိုင်ငံတွေကို ကူးစက် ပျံ့နှံ့ သွားခဲ့ပြီး အခု နောက်ဆုံး အချိန်အထိ သေဆုံးသူ ၉၃၂ ထက်မနည်း ရှိနေပြီး ရောဂါခံစား နေရသူ ၁၇၁၁ ဦး ရှိကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့၏ ထုန်ပြန်ချက် မှာ ဖော်ပြ ပါရှိသည်။
 အမေရိကန် ပြည်ထောင်စု ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ် တားဆီးရေး အဖွဲ့က ကူးစက်ရောဂါ ပါရဂူ ၅၀ ဦးကို အီဘိုလာ ပျံ့နှံ့ နေတဲ့ ဒေသတွေကို စေလွှတ်ပြီး ဗိုင်းရပ်စ်ပိုး ဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ကာကွယ် ကုသဆေး ဖော်ထုတ်နိုင်ဖို့ တာဝန်ပေး စေခိုင်း ထားပါတယ်။ ဒါပေမဲ့ အီဘိုလာ ပျံ့နှံ့မှုဟာ စိုးရိမ် ကြောင့်ကြဖွယ် ကောင်းနေ ပါတယ်။


အီဘိုလာလို့ ဘာဖြစ်လို့ ခေါ်တာလဲ ။ ၁၉၇၆ ခုနှစ်မှာ ကွန်ဂိုနိုင်ငံ ၊ အီဘိုလာမြစ်မှာ ဒီဗိုင်းရပ်စ်ကို စတင် တွေ့ရှိခဲ့ ပါတယ်။ စတင် တွေ့ရှိတဲ့ နေရာကို အစွဲပြုပြီး ဒီဗိုင်းရပ်စ် ကိုလဲ အီဘိုလာ ဗိုင်းရပ်စ် လို့ ခေါ်ခဲ့တာပါ။

ကူးစက်ခံရသူ တွေကို ဆရာဝန်တွေက ဘာလုပ်ပေး နိုင်သလဲ ။ ဆရာတွေက ပေါ်လာတဲ့ ရောဂါ လက္ခဏာ တွေကို ကုသပေး ပါတယ်။ နှလုံးခုန်နှုန်း ၊ သွေးပေါင်ချိန် ၊ အသက်ရှူနှုန်း တွေကို စောင့်ကြည့် ပေးပြီး လူနာ ခန္ဓာကိုယ် ထဲမှာ အရည်ဓာတ် မခန်းခြောက်အောင် လုပ်ပေး ပါတယ်။ တခြား ကူးစက်ရောဂါ ပိုးတွေ မ၀င်အောင် ပဋိဇီဝ ဆေးတွေ ပေးပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါ ခုခံစနစ် အားကောင်းပြီး အီဘိုလာ ဗိုင်းရပ်စ် ကို ကိုယ်တိုင်ပဲ တိုက်ဖျက်နိုင်အောင် ကျားကန် ပေးထား ရပါတယ်။

ကုသဆေး မရှိဘူးဆိုရင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေက ဘယ်လို နေပြန်ကောင်း လာနိုင်မလဲ ။ ခန္ဓာကိုယ်ကို ဗိုင်းရပ်စ် ကူးစက်သွားရင် အဲဒီ ဗိုင်းရပ်စ်ကို သတ်ပစ်နိုင်ဖို့ ခန္ဓာကိုယ်က ပဋိဇီဝဓာတု ပစ္စည်းတွေကို ထုတ်လုပ် ပါတယ်။ အဲဒီ ပဋိဇီဝ ဓာတုပစ္စည်း လုံလုံလောက်လောက် ထုတ်နိုင်တဲ့ အထိ ခံနိုင်ရည် ရှိရင် အီဘိုလာ ဗိုင်းရပ်စ် ကို ခန္ဓာကိုယ်ရဲ့ ရောဂါ ခုခံစနစ်က သတ်ပစ် လိုက်နိုင်လို့ပဲ ဖြစ်ပါတယ်။

အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ရဲ့ ခန္ဓာကိုယ် က ထွက်တဲ့ အရည် တစ်မျိုးမျိုးနဲ့ တိုက်ရိုက် ထိတွေ့မိမှ ပိုးကူးနိုင်တယ် ဆိုတာ ကိုယ့်မှာ အရေပြား ပေါက်ပြဲနေတဲ့ အနာနဲ့ အဲဒီ အရည်တွေ ထိတွေ့မိမှ ကူးစက်မယ်လို့ ပြောတာလား ။ အနာရှိရင် ပိုကူးဖို့ ပိုလွယ်ပါတယ်။ ဒါပေမဲ့ ကြည်လင် သန့်စင် နေတယ်လို့ ထင်ရတဲ့ အရေပြားမှာ သင် မမြင်နိုင်တဲ့ အပေါက်တွေ ရှိနေပါတယ်။ ဗိုင်းရပ်စ်ဟာ အရေပြား ကနေမှ မဟုတ်ပါဘူး။ သင့် မျက်စိ ၊ ပါးစပ် တို့ကနေလဲ ၀င်နိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေး ၀န်ထမ်းတွေဟာ လူနာတွေကို ကုသတဲ့ အခါမှာ တစ်ကိုယ်လုံးကို လုံခြုံစွာ ဖုံးအုပ်ထားရ တာပါ။
အီဘိုလာ ဗိုင်းရပ်စ် က နှစ်ရက်ကနေ ၂၁ ရက်အထိ မပေါ်နိုင်ဘူး ဆိုရင် ဗိုင်းရပ်စ်ကူးတဲ့ လက္ခဏာ မပေါ်သေးတဲ့ လူဆီကရော ပိုးကူးနိုင်မလား ။ မကူးနိုင်ပါ။ ဗိုင်းရပ်စ် ကူးတဲ့ လက္ခဏာတွေ ပေါ်လာတဲ့ လူဆီကပဲ ပိုးကူး နိုင်ပါတယ်။
အီဘိုလာ က ချွေးကနေရော ကူးနိုင်ပါ သလား ။ ကူးပါတယ်။ အီဘိုလာ ဗိုင်းရပ်စ်ကို ချွေးထဲမှာ တွေ့ရပါတယ်။

ကာမ ဆက်ဆံရင်ကော ။ သေချာပေါက် ကူးပါတယ်။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ နေရတဲ့ အချိန်မှာ ကာမ ဆက်ဆံဖို့ ဆိုတာ အတော်လေးတော့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ အီဘိုလာကို ခံနိုင်သွားပြီး အသက် မသေဘဲ ရှင်သန် ကျန်ရစ်တယ် ဆိုရင်တောင် အကာအကွယ်မဲ့ လင်ဆက်ဆံခြင်းကို သုံးလအထိ လုံးဝ အပြုလုပ်သင့် ပါဘူး။ သုတ်သွေးထဲမှာ အီဘိုလာ ကို အများအပြား တွေ့ရပါတယ်။
အီဘိုလာ ကာကွယ်ဆေး ဘာဖြစ်လို့ မရှိသေးတာလဲ ။ အီဘိုလာ ကာကွယ်ဆေးရော ၊ ကုသဆေး ကိုပါ ထုတ်နိုင်ဖို့ ကြိုးစား နေကြပါတယ်။ ဒါပေမဲ့ အီဘိုလာ က အတော်ကြာမှ တစ်ခါ ဖြစ်တာရယ် ၊ ဒီ ကာကွယ်ဆေးနဲ့ ကုသဆေး ထုတ်ဖို့ ငွေကြေး မလုံလောက် တာရယ်ကြောင့် အီဘိုလာ ကာကွယ်ဆေး နဲ့ ကုသဆေး မရှိသေး တာပါ။ ဓာတ်ခွဲခန်း တွေမှာ ဖော်စပ် ထုတ်လုပ်ပြီး ကာကွယ်ဆေး နဲ့ ကုသဆေး ကိုလဲ လူသားတွေ အတွက် အသုံးပြုဖို့ သင့်လျော်တယ် ၊ မသင့်လျော်ဘူး ဆိုတာ အထောက်အထား မခိုင်လုံ သေးပါဘူး။ အမေရိကန် လူနာ ၂ ဦးကို စမ်းသပ်ခဲ့တဲ့ ဆေးရည် ဆိုတာဟာလဲ လူ အများအတွက် အသုံးပြု နိုင်လောက်အောင် မထုတ်နိုင် သေးပါဘူး။ တကယ်တော့ အီဘိုလာ ကာကွယ်ဖို့နဲ့ ကုသဖို့ ဆေးဝါး မျိုးစုံ ထုတ်လုပ် ထားပါတယ်။ လူတွေကို သုံးလို့ ရနိုင် မရနိုင် မစမ်းသပ် ရသေးတာပါ။

ကမ္ဘာ့ ကျန်းမာရေး အဖွဲ့အစည်း ကြီးကတော့ လူတွေနဲ့ တည့် မတည့် မစမ်းသပ် ရသေးတဲ့ ဆေးတွေကို အီဘိုလာကြောင့် သေဆုံး တော့မယ့် လူနာတွေကို စမ်းထိုး သင့် မသင့် သဘောထား တောင်းခံ နေပါပြီ။
အီဘိုလာက ခန္ဓာကိုယ်ကို ဘယ်လို တိုက်ခိုက်သလဲ ။ ဒီဗိုင်းရပ်စ်ဟာ စနစ်ကျ ပါတယ်။ ခန္ဓာကိုယ် အင်္ဂါ အစိတ်အပိုင်းတိုင်း ကို အရောက် သွားနိုင်ပြီး အဲဒီ အင်္ဂါ အစိတ်အပိုင်း တွေကို တိုက်ရိုက် တိုက်ခိုက် သွေးယိုစီး စေပါတယ်။ လူနာဟာ သွေးလန့် ပါမယ်။ သွေးပေါင်ချိန် ထိုးကျသွား ပါမယ်။ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း တွေမှာ သွေးယိုစီး နေရတဲ့ အထဲ သွေးပေါင်ချိန်ပါ ထပ်ကျတော့ ဘယ်လိုမှ မခံနိုင်တော့ဘဲ သေဆုံး ရတာပါ။

အီဘိုလာ ကူးစက်ထားတဲ့ အမေရိကန် လူနာ ၂ ယောက်ကို ဘယ်လို သယ်လာတာလဲ ။ လိုင်ဘေးရီးယား ကနေ အထူးစီစဉ် ပြုလုပ်ထားတဲ့ လေယာဉ်နဲ့ သယ်လာတာပါ။ သူတို့ကို သီးသန့် ထားမယ့် အခန်း ၊ စဉ်ဆက်မပြတ် စောင့်ကြည့် ပေးမဲ့စနစ်တွေ ပါပါတယ်။ လေယာဉ် ဆင်းသက်တာနဲ့ တစ်ပြိုင်နက် သူတို့ကို အဲဒီလိုပဲ ပြင်ဆင် ထားတဲ့ လူနာတင်ယာဉ်နဲ့ အယ်မိုရီ တက္ကသိုလ် ဆေးရုံကို ခေါ်သွားပါတယ်။ အဲဒီမှာ ဆိုးရွားတဲ့ ကူးစက် ရောဂါပိုး ကုသဆောင် ရှိပါတယ်။

အာဖရိကမှာ ဘာဖြစ်လို့ အီဘိုလာ ဗိုင်းရပ်စ် ပျံ့နှံ့တဲ့နှုန်း မြန်နေတာလဲ ။ ဂီနီ ၊ ဆီရဲယားလီယွန်း ၊ လိုင်ဘေးရီးယား နိုင်ငံတွေမှာ အစ ကတည်းက ကျန်းမာရေး စောင့်ရှောက် ကုသမှု ညံ့ဖျင်းခဲ့ ပါတယ်။ ဆေးနဲ့ ဆေးပစ္စည်း မလုံလောက် သလို ကျန်းမာရေး ၀န်ထမ်းတွေ အတွက် အကာအကွယ် အ၀တ်အစားနဲ့ အသုံး အဆောင်တွေလဲ လုံလုံ လောက်လောက် မရှိပါဘူး။ တစ်ခါ ဂီနီ ၊ ဆီရဲယား လီယွန်း က နယ်နိမိတ်ချင်း ထိစပ်နေတော့ လူတွေက ဟိုဘက် ဒီဘက် ကူးလူး သွားလာကြရာ ကနေ ဒီဗိုင်းရပ်စ် ကူးစက်မှုဟာ ထင်ထားတာထက် ပိုမြန် သွားတာပါ။

အီဘိုလာ ဗိုင်းရပ်စ် က ဘယ်လို စဖြစ်ခဲ့တာလဲ ။ အီဘိုလာ ဘယ်က စတယ်ဆိုတာ မသိရသေး ပါဘူး။ ဒါပေမဲ့ ဒီဗိုင်းရပ်စ် ကို လင်းနို့တွေက သယ်ဆောင် လာတယ်လို့ သိပ္ပံ ပညာရှင် တွေက ယုံကြည်ပါတယ်။ လင်းနို့ တွေကလဲ တခြား တိရစ္ဆာန် ဆီက ကူးလာတာပါ။ သူတို့ကြောင့် အီဘိုလာ ဗိုင်းရပ်စ် စဖြစ်လာတာ တော့ မဟုတ်ပါဘူး။

အီဘိုလာ ဗိုင်းရပ်စ် ကျွန်တော်တို့ နိုင်ငံထဲကိုရော ရောက်လာနိုင် မလား ။ အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ ထားရသူဟာ ကိုယ့်နိုင်ငံ ထဲကို ရောက်လာပြီ ဆိုရင် ကူးစက် နိုင်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ခရီးသည်များ ၀င်ပေါက် ဖြစ်တဲ့ လေဆိပ်လို နေရာမျိုး တွေကို အထူး ကြပ်မတ် ထားသင့်ပါတယ်။ အခု ဆိုရင် အီဘိုလာ ကးစက်နေတဲ့ နိုင်ငံတွေကို လေယာဉ် ပျံသန်းမှုတွေ ရပ်ဆိုင်း ထားပါတယ်။ အဲဒီလို မရပ်ဆိုင်းခင် တုန်းက အီဘိုလာ ဗိုင်းရပ်စ် ကူးစက်ခံ ထားရပြီး ပိုးမပေါ်သေးတဲ့ ကာလမှာ လူကောင်း ပကတိနှယ် ခရီးထွက် လာသူတွေ သင့် နိုင်ငံထဲ ရောက်နေခဲ့တယ် ဆိုရင်တော့ အီဘိုလာ ဗိုင်းရပ်စ် ရောဂါ ကူးစက် သွားနိုင် ပါတယ်။
ကြောက်မက်ဖွယ် အီဘိုလာ ဗိုင်းရပ်စ်ပိုး အကြောင်း တစေ့တစောင်း လေ့လာ ရေးသား တင်ပြ လိုက်ရပါတယ်။

( TMK ဘာသာပြန်သည် )
The Myawady Daily

No comments:

Post a Comment